International News

စင်ကာပူသို့ အိန္ဒိယဒီဇယ်တင်ပို့မှုသည် သြဂုတ်လတွင် အမြင့်ဆုံးသို့ ရောက်ရှိလာနိုင်သော်လည်း ဥရောပသို့တင်ပို့မှုမှာ ကျဆင်းနိုင်

Last Updated:

စင်ကာပူသို့ အိန္ဒိယ၏ ဒီဇယ်ဆီတင်ပို့မှုသည် ဩဂုတ်လတွင် မက်ထရစ်တန်ချိန် 330,000 ကျော်လွန်ကာ 19 လအတွင်း အမြင့်ဆုံးသို့ရောက်ရှိလာမည်ဖြစ်ကြောင်းနှင့် သက်သာသော ကုန်စည်ပို့ဆောင်ခနှင့် အာရှရေနံအချက်အချာဒေသဖြစ်သည့် စင်ကာပူတွင် ရေနံသိုလှောင်မှုလျော့နည်းလာခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံမှ တင်ပို့မှုများမြင့်တက်လာသည်ဟု ကုန်သည်များနှင့် လေ့လာသုံးသပ်သူများက ပြောကြားထားကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

တစ်ဖက်တွင် အိန္ဒိယနိုင်ငံ၏ ဩဂုတ်လအတွက် ဥရောပသို့ လောင်စာဆီတင်ပို့မှုမှာ ယခုနှစ်တွင် အနိမ့်ဆုံးသို့ ကျဆင်းရန် အလားအလာရှိကြောင်းနှင့် သင်္ဘောလိုင်းများအား လေ့လာစောင့်ကြည့်သူတစ်ဦးက အရှေ့ပိုင်းနိုင်ငံများသို့ တင်ပို့မှုသည် အမြတ်ပိုရသော်လည်း ယင်းအခြေအနေမှာ ကြာရှည်မည်မဟုတ်ကြောင်း ပြောကြားထားပါသည်။

စင်ကာပူသို့ အိန္ဒိယမှ ဒီဇယ်တင်ပို့မှုမြင့်တက်လာခြင်းသည် တရုတ်အပါအဝင် အရှေ့မြောက်အာရှဒေသရှိ ရေနံသန့်စင်သည့်စက်ရုံများမှ တင်ပို့မှုနည်းပါးလာခြင်းအတွက် တစ်စိတ်တစ်ပိုင်းဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ရေနံသန့်စင်မှုမှအကျိုးအမြတ်များကို ပိုမိုရရှိစေမည်ဖြစ်ပါကြောင်း၊ အပြန်အလှန်အားဖြင့် ဥရောပရေနံသန့်စင်ရေးလုပ်ငန်းရှင်များ၏ အကျိုးအမြတ်သည် တောင်အာရှနိုင်ငံများမှ တင်သွင်းမှုနည်းပါးသဖြင့် လျော့နည်းသွားနိုင်ကြောင်းလည်း ဖော်ပြထားပါသည်။

အိန္ဒိယသည် ဩဂုတ်လတွင် စင်ကာပူသို့ ဒီဇယ်တန်ချိန် ၃၃၀,၀၀၀ မှ ၄၃၉,၀၀၀ အကြား တင်ပို့ရန်အလားအလာရှိနေကြောင်း Refinitiv, Vortex နှင့် Kpler စသည့်သင်္ဘောလိုင်းများအား လေ့လာစောင့်ကြည့်သူများ၏ အချက်အလက်များအရ သိရှိရပါကြောင်း၊ Vortex ၏ အာရှ-ပစိဖိတ်ဒေသခွဲခြမ်း စိတ်ဖြာမှုဆိုင်ရာအကြီးအကဲ Serena Huang က ယခုသြဂုတ်လအတွင်း တင်ပို့မှုသည်  ၂၀၂၂ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်းနှင့် မိုးတွင်းကာလတွင် အိန္ဒိယနိုင်ငံ၏ ဓာတ်ဆီနှင့် ဒီဇယ်ဆီပြည်တွင်းဝယ်လိုအားမှာ ကျဆင်းနေသောကြောင့် ဒီဇယ်၊ ဓာတ်ဆီနှင့် လေယာဉ်ဆီကဲ့သို့သော သန့်စင်ပြီးရေနံထွက်ကုန်များတင်ပို့မှုသည် သြဂုတ်လအတွင်း တိုးမြင့်လာတာကို တွေ့ရှိရသည်ဟု ပြောကြားထားကြောင်း သိရှိရသည်။

အိန္ဒိယ-စင်ကာပူလမ်းကြောင်းအတွက် ကုန်စည်ပို့ဆောင်ခမှာ အိန္ဒိယ-အနောက်မြောက် ဥရောပလမ်းကြောင်းထက် တစ်တန်လျှင် ၂၁ ဒေါ်လာဝန်းကျင်ခန့် စျေးသက်သာသဖြင့် စင်ကာပူသို့ တင်ပို့ခြင်းက ရောင်းချသူများအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေကြောင်း၊ စင်ကာပူနိုင်ငံ၏ ရှစ်လတာကာလအတွင်း စက်သုံးဆီသိုလှောင်ထားရှိမှုလက်ကျန်အနည်းဆုံးဖြစ်နေမှုကလည်း ပြန်လည်ဖြည့်တင်းခြင်းဆောင်ရွက်ရန် တွန်းအားပေးနေကြောင်း Sparta ဈေးကွက်သုတေသနကုမ္ပဏီ၏ သုတေသီဖြစ်သူ James Noel-Beswick က ပြောကြားခဲ့သည်။

အာရှ၏ရေနံသန့်စင်သူများအတွက် အကျိုးအမြတ်သည် ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက သြဂုတ်လတွင် ပျှမ်းမျှအားဖြင့် တစ်စည်လျှင် ၁၀ ဒေါ်လာနီးပါးတိုးမြှင့်ရရှိသည်ဟု Refinitiv Eikon ၏ အချက်အလက်များအရ  သိရှိရပါကြောင်းနှင့်  တစ်ချိန်တည်းမှာပင်  သြဂုတ်လအတွင်း ဥရောပသို့ အိန္ဒိယ၏ ဒီဇယ်တင်ပို့မှုသည် တန်ချိန် ၃၂၀,၀၀၀ ဝန်းကျင်သို့ ကျဆင်းသွားနိုင်ပြီး ယခုနှစ်တွင် အနိမ့်ဆုံးဖြစ်လာနိုင်ကြောင်း Kpler ၏အချက်အလက်များအရ သိရှိရသည်ဟုThe Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

အရှေ့ဘက်နိုင်ငံများ၏ ဝယ်လိုအားပိုမိုအားကောင်းနေသဖြင့် စက်တင်ဘာလတွင် ဥရောပသို့ ဒီဇယ်တင်ပို့မှုမှာလည်း ဆက်လက်ကျဆင်းဖွယ်ရှိသည်ဟု ဥရောပအခြေစိုက် ကုန်သည်တစ်ဦးက ပြောကြားထားကြောင်း၊ သို့ရာတွင် အရှေ့အနောက်လက်လှည့်ရောင်းချမှုဆိုင်ရာ ဈေးနှုန်းကွာဟချက်ကြီးမားမှုကြောင့် ဥရောပသို့ တင်ပို့မှုသည် ပိုမိုအကျိုးရှိစေနိုင်မည်ဖြစ်သဖြင့် စင်ကာပူသို့ တင်ပို့မှုမြင့်တက်လာခြင်းမှာ ကာလတိုသာဖြစ်နိုင်သည်ဟု  Facts Global Energy (FGE) မှ လေ့လာသုံးသပ်သူ Liu Xuanting က ပြောကြားထားကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံ၏ ရေနံသန့်စင်သည့် ကုမ္ပဏီများဖြစ်သည့် Mangalore Refinery and Petrochemicals Ltd နှင့် Reliance Industries Ltd တို့သည် ပြုပြင်ထိန်းသိမ်းရန်အတွက် ရေနံချက်သည့်ဌာနများအပါအဝင် လုပ်ငန်းအချို့ကို ရပ်နားထားသော ကြောင့် အိန္ဒိယ၏ သန့်စင်ပြီးရေနံထုတ်ကုန်တင်ပို့မှုမှာ စက်တင်ဘာလလယ်နောက်ပိုင်းတွင် လျော့နည်းသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အိန္ဒိယရေနံသန့်စင်ရေးလုပ်ငန်းရှင်များသည် အောက်တိုဘာလအတွင်း ဒီပါဝလီပွဲတော်ကာလတွင် ပြည်တွင်းဝယ်လိုအား ပြည့်မီစေရန်အတွက် ဈေးကွက်ကို ထိန်းထားနိုင်ဖွယ်ရှိကြောင်း စင်ကာပူအခြေစိုက် လေ့လာဆန်းစစ်သူတစ်ဦးက ပြောကြားထားကြောင်း The Economic Times သတင်းစာတွင်ဖော်ပြထားပါသည်။

မြန်မာနိုင်ငံသည် စက်သုံးဆီကို စင်ကာပူနိုင်ငံမှ အဓိကတင်သွင်းလျက်ရှိရာ အိန္ဒိယနိုင်ငံမှ တိုက်ရိုက်တင်သွင်းမှုများ ဆောင်ရွက်နိုင်မည်ဆိုပါက သယ်ယူပို့‌ဆောင်မှုစရိတ်များ လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ စက်သုံးဆီနှင့်စပ်လျဉ်း၍ စင်ကာပူနိုင်ငံကို အလွန်အမင်းမှီခိုနေရခြင်းကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် လတ်တလောနိုင်ငံခြားငွေလွှဲပြောင်းမှုများ ဆောင်ရွက်ရာ၌ ကန့်သတ်ချက်အခက်အခဲများရှိသောကြောင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ကုန်သွယ်မှုတွင် ဒေသသုံးငွေကြေးဖြင့် တိုက်ရိုက်ပေးချေမှုများဆောင်ရွက်နိုင်မည်ဆိုပါက အဆိုပါအခက်အခဲများကို တစ်စိတ်တစ်ပိုင်းဖြေရှင်း ဆောင် ရွက်ပေးနိုင်မည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများ ပိုမိုရရှိနိုင်မည်ဖြစ်သဖြင့်  အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

Source: India Diesel exports to Singapore Set for highs in Aug, drop for Europe-trade, The Economic Times, 24 August 2023

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News